ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
ဝီလီယံ ဘွတ် ဇွန် ၁၈၊ ၂၀၀၈
တချိန်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ထွက်သည့် ဆန်စပါးများဖြင့် မြန်မာနိုင်ငံက ဆန်အများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်ခဲ့ဖူးသည်။
သို့သော်လည်း နာဂစ်ဆိုက်ကလုန်းဒဏ် ခံရပြီးသည့် အချိန်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံကိုယ်၌က နိုင်ငံ တကာ ရိက္ခာအကူအညီများဖြင့် အသက်ဆက်ရတော့မည်ဟု အချို့သောပညာရှင်များက သတိပေးပြောဆိုနေကြသည်။
စစ်အစိုးရနှင့် အကျိုးသင့်မြတ်နေသူ ပုဂ္ဂလိကကုမ္ပဏီများက ဆိုက်ကလုန်းနာဂစ်ကြောင့် ပျက်စီးသွားခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ တည်ဆောက်ရေးလုပ်ငန်းများတွင် တထောင့်တကဏ္ဍ၌ ပါဝင်အကျိုးခံစားခွင့် ရရန် လုံးပမ်းဆောင် ရွက်နေချိန်တွင် ထောင်သောင်းနှင့်ချီသည့် မုန်တိုင်းဒုက္ခသည်များမှာ ထမင်းတဇလုံရရှိရေး အတွက်၊ တနည်း တနေ့ဝမ်းစာ ပြည့်နိုင်ရေးအတွက် အလူးအလဲ ရုန်းကန်ကြိုးပမ်းနေကြရပါသည်။
တချိန်က အာရှတိုက်၏ "စပါးကျီ" ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည့် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းတွင် နေထိုင်ကြသူများအဖို့ ယခုအခါတွင် ခမာနီ အာဏာရှင် အုပ်ချုပ်ရေးပြီးနောက်ပိုင်း ကမ္ဘောဒီးယားနှင့် အလားတူ အခြေအနေမျိုး ကြုံတွေ့ခံစားရ ဖွယ်ရှိနေသည်၊ နိုင်ငံတကာ ပေးစာကမ်းစာကို မှီခို၍ အသက်ဆက်ကြရဖွယ်ရှိနေသည်ဟု အချို့ကျွမ်းကျင်သူ ပညာရှင်များ က သတိပေးပြောဆို နေကြပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရမှုသည် စပါးထုတ်လုပ်နိုင်မှု၊ အခြား စီးပွားဖြစ် ထုတ်လုပ် နိုင်မည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခြေမှ ရိုက်လှဲလိုက်ခြင်းဖြစ်သည်။
ဤဆိုးကျိုးဒဏ်ကိုလည်း နှစ်ပေါင်းများစွာ ဆက်လက်တွေ့ကြုံခံစားရဖွယ် ရှိနေသည်ဟု ယခုအခါ ကျွမ်းကျင်သူ ပညာရှင် အများအပြားက သိမြင် သဘောတူလာ နေကြပြီ ဖြစ်သည်။
ဒီရေ၀င်၍ ဆားငံရေများ သက်ရောက်ခဲ့ရသည့် မြစ်ဝကျွန်းပေါ်ဒေသ၏ လယ်ကွင်းများတွင် များစွာ ပျက်စီးဆုံးရှုံးခဲ့ရပါ သည်။ မြေများ ပျက်စီးခဲ့ကြရသလို၊ သိုလှောင်ထားသည့် ဆန်နှင့် မျိုးစပါးများလည်း ပျက်စီးခဲ့ရသည်။ ထိုမျှမက အခြား ကျွဲနွား၊ တိရိစ္ဆာန်များလည်း သေကြေပျက်စီးခဲ့ရပါသည်။
စစ်အစိုးရက ပြန်လည်တည်ဆောက်ရေး စီမံကိန်းများအတွက် နီးစပ်ရာ စီးပွားရေးကုမ္ပဏီများကို လုပ်ငန်းကန်ထရိုက်များ ချပေးခဲ့ရာတွင် အေးရှားဝေါကုမ္ပဏီ၊ ထူးထရိတ်ဒင်း ကုမ္ပဏီ စသဖြင့် လက်သင့်ရာ စားတော်ခေါ်ချပေးခဲ့ကြသည်။ သို့ဖြစ် ရာ မြန်မာအစိုးရ၏ ထောက်ပံ့ငွေများအနေဖြင့် သာမန်လယ်သမားများထံ မည်သည့်အချိန်တွင် ရောက်ရှိလာ ပါ့မည်နည်းဟု နိုင်ငံတကာ အထောက်အပံ့ပေးရေး အဖွဲ့များက တွေးဆစဉ်းစား၍ နေရပါသည်။
အကြောင်းမှာ လယ် ကွက်များကို မှီခို၍ လယ်သမားတောင်သူများစွာ ဘ၀ရှင်သန်နေကြရသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းဖော်ပြခဲ့ရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ လယ်ယာမြေများ ပြန်လည် ထူထောင်ရေး လုပ်ငန်းတခုတည်းကပင်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၄၀ ခန့် ကုန်ကျဖွယ်ရှိနေကြောင်း၊ ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြန်လည်ဖော်ပြခဲ့ပါသည်။
မြန်မာအာဏာပိုင်များက ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်း ဒေါ်လာငွေ ၁၁ ဘီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းတွက်ချက်ဖော်ပြနေကြပါ သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်တွင် လယ်ယာကဏ္ဍက ၅၀ ရာခိုင်နှုန်းကျော် ပါဝင်ဖြည့်ဆီးထားမှု ရှိပြီး၊ ဤပမာဏ၏ သုံးပုံ နှစ်ပုံမှာ ယခုပျက်စီးသွားသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်ဟု သြစတြေးလျနိုင်ငံ၊ မက္ကိုင်းယားတက္ကသိုလ်မှ ပါမောက္ခ ရှောင်တာနဲ (Sean Turnell) က ဆိုပါသည်။
" မုန်တိုင်းမတိုက်မီ အခြေအနေတုန်းကတောင် လယ်သမားတွေက အရေးကြီးတဲ့ လယ်ယာကိစ္စ ထောက်ပံ့ဖြည့်ဆီးမှုတွေ မရကြဖူး။ ဥပမာ ဓါတ်မြေသြဇာလိုမျိုးပေါ့ " ရှောင်တာနဲက ပြောပါသည်။ " မြန်မာလယ်သမားတောင်သူ ၉၀ ရာခိုင်နှုန်း လောက်က ငွေကြေး အရင်းတွေ ချေးယူလို့ မရနိုင်ကြဘူး။
ဒါကြောင့် ရပ်တည်ရှင်သန်ရုံကလွဲလို့ တိုးလုပ်နိုင်ဖို့အတွက် အရင်းအမြစ်တွေ ရှိမနေကြဘူး။ အခု ပြန်လည်တည်ဆောက်ရေးကိစ္စတွေအတွက် ရနိုင်မယ့်နည်းလမ်းတွေဆိုရင် ပြော မနေပါနဲ့တော့၊ ပိုဆိုးတော့တာပေါ့" သူက ဆိုပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအကြောင်းကို အနီးကပ်လေ့လာနေသူနှင့် မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်ရေး စာစောင် (Burma Economic Watch bulletin) ထုတ်ဝေနေသူ ရှောင်တာနဲက သဘာဝဓါတ်ငွေ့ရောင်းရငွေမှနေ၍ စစ်အစိုးရက နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ သန်း ၄,၀၀၀ ခန့် ရရှိနေသည်ဟု ခန့်မှန်းပါသည်။
ရေတိုအနေဖြင့် ကုလသမဂ္ဂ၊ နိုင်ငံရပ်ခြား အစိုးရများနှင့် အကူအညီပေးရေး အဖွဲ့အစည်းများက အစားအစာနှင့် အခြား လိုအပ်သည့် အထောက်အပံ့များပေးရန် အနည်းဆုံး ၆ လ တိုင် ကူညီရန် အသင့်ရှိနေကြပါသည်။
ထိုမျှမက ရပ်တည်ရေး အခြေအနေ မသေမချာဖြစ်နေကြသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများကို နှစ်အချို့တိုင်လည်း ဆက်လက် ကူညီထားနိုင်ကြပါသည်။
အချို့လေ့လာသူများက ကမ္ဘောဒီးယားနိုင်ငံ အခြေအနေနှင့် ချိန်ထိုးစဉ်းစားကြည့်နေကြပါသည်။
ခမာနီအာဏာရှင် အုပ်ချုပ် မှုအောက်မှ လွတ်မြောက်လာနိုင်ကြသည့် လူထုများသည် ယနေ့တိုင် ကျိုးကြေ၊ ဆင်းရဲမွဲတေနေကြသေးပြီး၊ နိုင်ငံ တကာ အကူအညီများအပေါ်တွင်လည်း အားထားမှီခို၍ ရပ်တည်နေကြရဆဲ ဖြစ်ပါသည်။
သိုသော်လည်း ကွဲလွဲချက်မှာ ဖနွမ်းပင်အစိုးရက အကူအညီများကို လိုလိုလားလား ကြိုဆိုနေခြင်းဖြစ်ပြီး၊ မြန်မာစစ်အစိုးရ ကမူ နိုင်ငံတကာအကူအညီများထံမှ မာနတခွဲသားနှင့် ရွေးချယ်ကောက်ယူ လက်ခံနေခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်း မတိုင်ခင်ကမူ မြန်မာနိုင်ငံသည် ဆန်စပါးဖူလုံသည်ဟု ပြော၍ရနိုင်ရုံမျှမက၊ ဒုတိယကမ္ဘာစစ်ကြိုကာလက တင်ပို့နိုင်သည်ထက် ပမာဏနည်းသော်လည်း ဆန်တင်ပို့သည့် နိုင်ငံတခုအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။
ဤသို့ဆန်တင်ပို့ နိုင်မှု ကျဆင်းလာခဲ့ရခြင်းမှာလည်း အဆက်ဆက်သောအစိုးရများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဆန်ထွက်ကျလာရခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်း မတိုင်မီတွင် မြန်မာနိုင်ငံက ဆန်တင်ပို့ရောင်းချရန် တန်ချိန် ၆၀၀,၀၀၀ စာချုပ် ချုပ်ဆိုထားခဲ့ပါသည်။ ဧရာဝတီမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့်အတိုင်း သိုလှောင်ထားသည့်ဆန် မည်မျှကျန်သေးသည်၊ မည်မျှ စိုက်ပျိုးရန် ရှိနေသေး သည်ကိုမူ ကျန်လေ့လာသူများက အတိအကျ မသိရှိနိုင်ကြပါ။
"ဒီအကျိုးဆက်ကတော့ ရေတိုရော၊ ရေရှည်အတွက်ပါ ထိခိုက်ခံစားကြရဖို့ ရှိတယ်" ဟု စီးပွားရေး ပညာရှင် ရှောင်တာနဲက ပြောပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပျက်စီးဆုံးရှုံးခဲ့ရမှုသည် စီးပွားရေး ပြဿနာ သက်သက်မျှသာ မဟုတ်ပါ။ မိသားစု ထောင်သောင်းချီ၍ အိုးအိမ်များ၊ ကျန်းမာရေးစနစ်များ၊ အခြေခံ လိုအပ်ချက်များ ပျက်စီးဆုံးရှုံးသွားခဲ့ကြရပါ သည်။
လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်ခြင်း မပြုမီ ဤကိစ္စများကိုလည်း ဖြည့်ဆီးကြရဦးမည် ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့က အတည်ပြုပြောကြားကြရာ တွင် မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများ၏ အနာဂတ်အတွက် စိုးရိမ်မှုရှိနေကြကြောင်း ဖော်ပြကြပါသည်။
"ရေတိုကာလမှာတော့ လက်ရှိစိုက်ခင်းတွေ၊ သီးနှံတွေ ဘယ်လောက်ပျက်စီး ဆုံးရှုံးရတယ်ဆိုတာ ကျနော်တို့ မြင်သာပါ တယ်။ ဒါပေမယ့်လည်း ပြောနိုင်တာက နောက်ထပ် စိုက်ရာသီ ၂ ခုလောက်အထိလည်း အကြီးအကျယ် ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
ဒီကာလအတွင်းမှာ ဒီဒေသကနေပြီးတော့ ထွက်ကုန်လုံးဝ မရှိဘဲ ဖြစ်နေနိုင်တဲ့ အနေအထားပါ" ရှောင် တာနဲက ပြောသည်။ "ဒါကြောင့် လာမယ့် နှစ်တွေအတွင်းမှာ အစားအစာပြတ်လပ်တာတွေ၊ ဆန်ပြတ်လပ်တာတွေ ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားနိုင်တယ်" ဟု ထပ်မံဖြည့်စွက် ပြောဆိုခဲ့သေးသည်။
" စီးပွားရေးမှာ ထိခိုက်ရမှုတွေကတော့ အများကြီးအကျိုးသက်ရောက်မှု ရှိလိမ့်မယ်။ တချိန်တည်းမှာ ကမ္ဘာ့ဆန်ဈေးနှုန်းက လည်း ခေါင်ခိုက်အောင် တက်နေတယ်၊ အခြားနိုင်ငံတွေကလည်း ဆန်တင်ပို့မှုကို ကန့်သတ်နေကြတော့ ပိုလို့ဆိုးဖွယ်မြင် ထားတယ်" သူက ဆက်ပြောသည်။
မြန်မာအပါအ၀င်ဖြစ်သည့် အရှေ့တောင်အာရှ ၁၀ နိုင်ငံစုဖွဲ့ထားသည့် အာဆီယံအဖွဲ့က မေလနောက်ပိုင်းတွင် စစ်အစိုးရနှင့် အစားအစာနှင့် အခြားအထောက်အပံ့များ အကြီးအကျယ် လှူဒါန်းပေးအပ်နိုင်သည့် အနောက်နိုင်ငံများ၊ အကူအညီပေး ရေး အခြားအဖွဲ့အစည်းများအကြားတွင် ကြားဝင် ဆောင်ရွက်ပေးနိုင်ရန် တိုးတက်လုပ်ဆောင်လာခဲ့ပါသည်။
စစ်အစိုးရက အနောက်နိုင်ငံမှ ကယ်ဆယ်ရေးလုပ်သားများကို လက်ခံရန် ငြင်းဆန်ခဲ့ပြီးနောက်၊ စစ်ဗိုလ်ချုပ်များက အာဆီ ယံ အဖွဲ့ဝင်နိုင်ငံများကိုတော့ အကူအညီများပေးအပ်ရေး လုပ်ငန်းစဉ်ကိစ္စကို တာဝန်လွှဲ ခွင့်ပြုခဲ့ပါသည်။ သဘောမှာ ၎င်း တို့က ကြားခံအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး၊ အနောက်နိုင်ငံများနှင့် တိုက်ရိုက်ဆက်ဆံရေးကို ပိတ်ဆို့ထားမည် ဖြစ်သည်။
"အာဆီယံအဖွဲ့က အလုပ်အဖွဲ့ (Task force) ဖွဲ့ပြီး ဒီကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်မယ်လို့ အကြံပြုတာကအစ စိုးရိမ် စရာ ဖြစ်နေတယ်" အရှေ့တောင်အာရှ နိုင်ငံများရေးရာကို သုံးသပ်နေသည့် ဘန်ကောက်ရှိ ဥရောပသမဂ္ဂ သံရုံး တခုမှ အကဲဖြတ်ပညာရှင် တဦးက ဆိုပါသည်။
သူက ဤကိစ္စအပေါ် နိုင်ငံရေးအရ အကဲဆတ်သည့်အတွက်ကြောင့် နာမည် မဖော်ပြရန် မေတ္တာရပ်ခံခဲ့သည်။
"မျှော်လင့်ရတာကတော့ သူတို့တွေက ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်ဖို့ပါပဲ။
အာဆီယံအဖွဲ့အနေနဲ့ သမိုင်းရှိတယ်။ လုပ်ငန်းအဖွဲ့ (Task force) တွေ ဖွဲ့လိုက်တာ ခမ်းနားတဲ့ ထုတ်ပြန်ကြေညာချက်တွေလောက်ပဲ ကျန်ပြီး ဘာမှ အကောင်အထည် ဖြစ်ဖြစ်မြောက်မြောက် မဖြစ်လာတာ အများကြီးပဲ" ၎င်းပညာရှင်က ဆိုပါသည်။
ခမာနီအုပ်ချုပ်ရေးပြီး နောက်ပိုင်း ကမ္ဘောဒီးယားနှင့် မြန်မာအကြား တူသယောင်ယောင်ရှိသော်လည်း အခြားကွဲလွဲချက် တခုလည်း ရှိနေပါသေးသည်။
ကမ္ဘောဒီးယားနိုင်ငံက အလယ်ခေတ် စမ်းသပ်မှုဆန်ဆန် အံ့သြနဘန်း စိုက်ပျိုးရေး လုပ်ငန်း များဖြင့် ကမ္ဘောဒီးယားကို ထူထောင်ရန် ပိုပေါ့နှင့် ၎င်း၏ဂိုဏ်းသားများက ကြိုးပမ်းကြရင်း၊ တိုင်းပြည်လည်း ဘဏ္ဍာရေးအရ မွဲပြာကျခဲ့ရသည်။ သို့သော်လည်း မြန်မာစစ်အစိုးရကမူ သဘာဝဓါတ်ငွေ့ရောင်းရငွေများဖြင့် လစဉ် အနည်းဆုံး အမေရိ ကန် ဒေါ်လာ သန်း ၁၀၀ ခန့် ငွေဝင်နေသည်ဟု ရှောင်တာနဲက ပြောပါသည်။
သို့သော်လည်း မေးရန်ရှိသည်မှာ ဤဘဏ္ဍာဝင်ငွေမှနေ၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ဒုက္ခ သည် ပြည်သူများနှင့် ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများထံ မည်မျှ သွားမည်နည်း၊
သိပ်အရေးမပါလှသည့် အစိုးရ ယန္တယား ဌာနများကို ပြန်လည်တည်ဆောက်ရန် ကန်ထရိုက်ချပေးလိုက်သည့် စစ်အစိုးရ၏ လက်ဝေခံ ပြည်တွင်းစီးပွား ရေး ကုမ္ပဏီများထံ မည်မျှ ရောက်သွားမည်နည်း ဟူသည့် မေးခွန်းက ပို၍ အခရာကျနေပါတော့သည်။ WILLIAM BOOT ရေးသားသည့် Rebuilding the ‘Rice Bowl’ ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

0 comments:
Post a Comment